လပြည့် ခရီးသွားဝန်ဆောင်မှု
ပင်မစာမျက်နှာ
ကိုယ်ရေးရာဇ၀င်
ဆွဲဆောင်မှုရှိသောနေရာလမ်းညွှန်
စရိတ်ငြိမ်းခရီးစဉ်များ
ကားစီးလုံးငှားဝန်ဆောင်မှု
ဆက်သွယ်ရန်
မွေတော် ကက္ကူ
မွေတော် ကက္ကူ ဘုရား မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော်မွေတော် ကက္ကူ ဘုရားရှိရာကက္ကူရွာနေရာသည် ဆီဆိုင် စော်ဘွားပိုင်နယ်နှင့်ညောင်ရွှေ စော်ဘွား ပိုင်နယ်အစပ်ဒေသတွင်ဖြစ် သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာ
ပုံရသည်။
မွေတော်ကက္ကူဘုရားတည်ထားကိုးကွယ် ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှတည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။
ဖိုဝင်တောင်
ဖိုလ်ဝင်တောင် ကို မြန်မာသက္ကရာဇ် ၄၁၁ တွင်တည်ခဲ့ပါတယ်၊ ဖိုလ်ဝင်တောင် ပါ၊မုံရွာတစ်ဘက်ကမ်း၊ ယင်းမာပင် သွားတဲ့လမ်းပေါ်မှာပါနေ့ချင်း ပြန်သွား လို့ရပါသည်။ကျောက်တောင် အမျိုး အစား ဖြစ်ပါသည်။
ယခုချိန်တွင်နှစ်ပေါင်း ၉၀၀ ကျော်ခဲ့ပြီ ဖြစ်သောရှေးဟောင်းသမိုင်းဝင် တောင် ဖြစ်ပါသည်။ဘုရားဆင်းတုရုပ်ပွား တော် ပေါင်း လေးသောင်းကျော်ရှိပါတယ်။
စိတ်ဝင်စားစရာ ဖြစ်ရပ်များလည်းရှိ ပါတယ်။ ဖိုလ်ဝင်းတောင် ဘုရားစေတီ များ အတွင်းတွင် ရှေးလက်ရာနံရံဆေး ရေး ပန်းချီများ၊ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း ရှေးလက်ရာပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည် ကို တွေ့ရှိ နိုင်ပါသည်။ ယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။
တောင်ပေါ်မှာမျောက်များ ၄ အုပ်စုရှိပါသည်။သူ့အုပ်စုသူ့နေရာနှင့်သီးခြားနေထိုင်ကြပါသည်။
ကျောက်တောင်ဖြစ်ခြင်းကြောင့်ရေရှားပါး၍မျောက်တွေဟာလူအရောက်နည်းပြီးအစာရှားပါးတာ
ကြောင့်မြေကိုတူးဆွ၍မြေဆီစားပြီး အသက်ရှင်နေထိုင်ကြပါသည်။ ရေရှားပါး၍ သာက်ရေကို ကန်များတည်ပြီး တောင်အောက်မှရေအထမ်းနှင့်ထမ်း၍တင်ပေးရပါတယ်။ရေတစ်ထမ်းကို ၂၀၀ကျပ်နှုန်း၊ တစ်စည်ကို ၅၀၀ကျပ်နှုန်းဖြင့်လှူဒါန်းနိုင်ပါသည်။
ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလ အတွင်း မျောက်များ လုံးဝ
ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်၊ "ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။
ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။
ဗုဒ္ဓဘာသာအမျိုးသမီးများအတွက်ဝမ်းမြောက်စရာတစ်ခုကတော့ဘုရားကို-ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်းကပ်လှူနိုင်ခြင်းပင်ဖြစ်ပါသည်။
မန်းရွှေစက်တော်
မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ ခရစ်မပေါ်မီ(၆၀၀) ခုနှစ်တွင်မြတ်စွာဘုရား ခြေတော်ရာ နှစ် ဆူကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော် ရာ၊အောက်စက်တော်ရာဟူ၍ လည်းထင်ရှားသည်။
(၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီး တွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ြပီး မြန်မာနှစ်ဆန်း (၁)ရက် ထိကျင်းပပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ် သဖြင့် သွားရောက်ဖူး မျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်းလှည့်လည်ကြည့် ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင်စတင်တည်ထောင်ခဲ့သည်။ ရွှေစက်တော်ဘေးမဲ့တောသည်(၃၁၄)စတုရန်းမိုင်ကျယ်ဝန်း သည်။ မြန်မာ့ရွှေသမင်ကိုအဓိကထိန်းသိမ်းထားသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြား တိရစ္ဆာန်များနှင့် အတူကျက်စားနေထိုင်သည်။ မြန်မာနိုင်ငံတွင်ရွှေစက်တော်ဘေးမဲ့တောအဖြစ် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးဘေးမဲ့တော၊ အင်းလေးဒေသ၊လန်ပိဘေးမဲ့တော ၊ မိန်းမလှကျွန်းဘေးမဲ့တော၊အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တို့လည်းအထူးထင်ရှားသည်။ မြန်မာနိုင်ငံတွင်အမျိုးသားဥယျာဉ်ခြောက်ခု၊တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၃၅)ခုရှိသည်။ တောင်ဥယျာဉ်အဖြစ် ပုပ္ပါးတောင်ဥယျာဉ်တစ်ခုသာရှိသည်။
တောင်ကြီးမီးပုံးလွတ်ပွဲတော်
နှစ်စဉ်နှစ်တိုင်း တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ တွင် ရှစ်ရက်တိုင်တိုင် နှစ်စဉ် ကျင်းပလေ့ ရှိသည်။ နေ့လွှတ်တစ် နေ့လျှင် ပျမ်းမျှအ ရုပ် ၄၀ ကျော်၊ ညလွှတ်တစ်ည လျှင် ည မီးကြီး+စိန်နားပန် ၁၅ လုံးမှ ၁၇ လုံးအထိ လွှတ်တင် ကြောင်း သိရသည်။
ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့ တွင် တစ်နှစ်လျှင် တစ်ခါသာ ကျင်းပ သည့် တန်ဆောင်တိုင် မီးပုံးပျံပွဲကို ဒေသ ခံတို့က တိုးမပေါက်အောင်၊ ကြက်ပျံမကျ စည်ကားအောင် ကျင်းပလေ့ရှိကြသည်။ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ဒေသခံတို့သာမက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တစ်နိုင်ငံလုံးမှ ပြည်ထောင်စုသားများ ကလည်း လာရောက်ဆင် နွှဲသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားသား အများအပြားတို့ကလည်း တကူးတက လာရောက် ကြည့် ရှု လေ့လာပါဝင် ဆင်နွှဲတတ်ကြသည်။
“တောင်ကြီးမီးပုံးပျံအစ ကုန်းသာကျောင်းက”ဟု ဆိုရလောက်သည့် လွန်ခဲ့သော ၁၉၄၁ ခုနှစ်က နိုဝင်ဘာလ တောင်ကြီးမြို့လယ်ရှိ ကုန်းသာဘုန်းတော်ကြီးကျောင်းဆရာတော် ကြီးမှူးပြုလုပ် လွှတ်တင်ခဲ့သည့် ပိတ် ဖြူ မီးပုံးပျံကြီးမှ အစပြုကာ ဒေသသားတို့ မီးပုံးပျံ ‘ပိုး’ ၀င်သွားခဲ့ကြပြီး ယခင်မြို့လယ်ဂိတ်တဲ (ယခု အမှတ်-၁ ရဲစခန်း) ၀င်းအတွင်း ပြုလုပ်ခဲ့သည့် ၁၉၄၅ ခုနှစ် ဂိတ်တဲပွဲ မှ အစပြုကာ မီးပုံးပျံလွှတ်တင်ပွဲ၊ မီးပုံးပျံပြိုင်ပွဲများကို နှစ်စဉ် ကျင်းပခဲ့သည် မှာ ယနေ့တိုင်ဖြစ်သည်။
ဆံတော်ရှင်ဘုရား
ပေါက်တောမြို့နယ် အနောက်ဖရုံကာ (မြေငူ) ကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲတော်ကို နိုဝင်္ဘာလ ၂၅ ရက်နေ့မှ ဒီဇင်္ဘာလ ၂ ရက်နေ့ထိ (၇) ရက် တိုင်တိုင် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ ရှိကြောင်း သိရှိရသည်။ဆံတော်ရှင်စေတီတော်အား ဘုရားရှင်၏ ဆံတော်ဖြင့် နဂါးမင်းများက စတင် တည်ဆောက်ခဲ့သည်ဟု သမိုင်း အထောက်များအရ သိရသည်။ ၎င်းနောက်ပိုင်း ရခိုင်ဘုရင်များက ပြုပြင် မွန်းမံ တည်ဆောက်ခဲ့သည်။ဆံတော်ရှင် ဘုရားမှာ သာယာလှပသော မြေငူကျွန်း အဖျားတွင် တည်ရှိပြီး ပင်လယ်ပြင်ကို ဖြတ်၊ တောင်များကို ကျော်ပြီး ဘုရားဖူးသွားရသဖြင့် ဘုရားဖူးသူများအား စိတ်လက် ကြည်နူးမူ ပျော်ရွှင်မူကို ဖြစ်စေသော ထူးခြားသော ရခိုင်ပြည်နယ်ထဲမှ ဘုရားပွဲတော် တခု ဖြစ်ကြောင်း သိရှိရသည်။ဆံတော်ရှင်ဘုရားမှာ ရခိုင်ပြည် နယ်တွင်ထင်ရှားသည့် မဟာမြတ်မုနိ ဘုရား သမိုင်းနှင့် ဆက်စပ်နေ သည့်စေတီတော်တစ်ဆူ ဖြစ်သည်။ ရခိုင် ဒေသ၊ တတိယဓညဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့သည့် စန္ဒသူရိယမင်း သည် ထီးနန်းကို စိုးစံတော်မူပြီး နန်းသက် ၂၆ နှစ်မြောက်၊ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် အနောက်မဇ္ဈိမ၌ သဗ္ဗညုတမြတ်စွာဘုရားရှင် ထွန်းပေါ်တော် မူကြောင်းကို သတင်းစကား ကြားသိတော်မူသည့်အခါ ဘုရားရှင် အား ဖူးမြော်ရန် စိတ်အားသဒ္ဓါ ထက် သန်လာသည့် အတွက် ပန်းနံ့သာတို့ ဖြင့်ရည်မှန်း၍ မနောအဓိဋ္ဌာန်ဖြင့် ပင့် ဖိတ်ချက်ကြောင့် ဘုရားရှင်သည် ရခိုင် ပြည် ဓညဝတီသို့ ကြွရောက်တော်မူ လာခဲ့ပြီး ဘုရင်နှင့်တကွ မှူးမတ်ပြည် သူများအား အမြိုက်တရား ဟော ကြား တိုက်ကျွေးတော်မူခဲ့လေသည်။ သုံးလောကထွတ်ထား မြတ်စွာဘုရား သခင် ပြန်လည်ကြွချီမည်ဆိုသော အခါ စဉ်ဆက်မပြတ် ကိုးကွယ် ဆည်းကပ်ရန် ကိုယ်စားတော်တစ်ဆူ သွန်းလုပ်ခွင့်ပြုရန် လျှောက်ထားချက် အရ သက္ကရာဇ် ၁၂၃ ခုနှစ်၊ ကဆုန်လ ပြည့်ညနေချမ်းတွင် ကိုယ်စား ရုပ်ပွား တော် မဟာမြတ်မုနိကို ဘုရားရှင်ရှေ့ မှောက်တော်၌ သွန်းလုပ်တော်မူခဲ့ရာ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ တွင် အောင်မြင် ပြီးမြောက်တော်မူခဲ့လေ သည်။ ဘုရားရှင်သည် ဓညဝတီမြို့မှ ဒွါရာ ဝတီမြို့တော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူရာ ကစ္ဆပနဒီမြစ်၏အဆုံးဖြစ်သော မြစ်ဝနေရာ သမုဒ္ဒရာပေါ်သို့ ရောက်သောအခါ ကြီးစွာသော လှိုင်း တံပိုးတို့ကိုဖြစ်စေ ပြီး ဇေယျသေန နာဂရာဇာနဂါးမင်းအမှူးပြုသော ရှစ် ဦးသော နဂါးမင်းတို့၏ ပင့်လျှောက် ချက်အရ နီလာပဗ္ဗတတောင်ထိပ်ပေါ် ၌ ရပ်တန့် သီတင်းသုံးကာ နဂါးမင်း ရှစ်ဦးနှင့်တကွ တော၊ တောင်တစ်ရိုး ၌ စောင့်ကြပ်တော်မူကြသော နတ် အပေါင်းတို့၏ ပူဇော်မှု ကိုခံယူပြီး တ ရားရေးအေးအမြိုက်ဆေးကို တိုက် ကျွေးဟောကြားခဲ့လေသည်။ နဂါး မင်းတို့၏ လျှောက်ထားတောင်းပန် ချက်အရ ဘုရားရှင်သည် လက်ယာ လက်တော်ဖြင့် ခေါင်းတော်ကို သုံး သပ်၍ ဆံတော်နှစ်ဆူ (မူကွဲ-တပ်ချို့ က ဆံတော်လေးဆူဟု ဆိုသည်) ကို နဂါးမင်းတို့ ပူဇော်ရန်ချီးမြှင့်ပေးသနား ခဲ့လေသည်။ ဇေယျသေနနဂါးမင်း အမှူးပြုသောနဂါးတို့သည် ကျောက်ခဲ များကို စုဆောင်းပြီး ဆံတော်ရှင်မြတ်နှစ်ဆူကို ဌာပနာ၍ စေတီတော်တစ်ဆူကိုနီလာပဗ္ဗတတောင် ထွတ် ပေါ်၌ တည်ထားကိုး ကွယ် ခဲ့ကြလေ သည်။ စန္ဒသူရိယမင်းကြီးသည် နဂါး မင်းတို့အား ဆံတော်ပေးအပ်ချီးမြှင့် ခဲ့သော အကြောင်းကို သိရှိတော်မူ၍ နီလာပဗ္ဗတတောင်သို့ ကြွရောက်ပြီး နဂါးတို့တည်သော စေတီတော်အား ဖူးမြော်ကြည်ညိုခဲ့ရာ နဂါးမင်းတို့ တည်သောစေတီတော်မှာ လူတို့ တည် သောစေတီနှင့်မတူသည်ဖြစ်၍ မိမိ၏ မကိုဋ်တော်နှင့် သဏ္ဌာန်တူအောင် ကောင်းမွန်ခိုင်ခန့်စွာပြုလုပ်ပြီးလျှင် မဟာသက္ကရာဇ် ၁၂၃ ခု၊ နတ်တော် လဆန်း ၉ ရက်နေ့မှ လပြည့်နေ့ထိ ရွှေချပြီး ထီးတော်တင်လှူခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုလေ သည်။ ကျောက်တော်မြို့နယ်ရှိ မဟာမြတ် မုနိရုပ်ရှင်တော်မြတ်မှာ သက္ကရာဇ် ၁၂၃-ခု၊ ကဆုန်လပြည့်နေ့ သွန်းလုပ် ခဲ့ပြီး ဆံတော်ရှင်စေတီမှာ နတ်နဂါး တို့က ကဆုန်လအတွင်း တည်ထား ခဲ့ကာ စန္ဒာသူရိယဘုရင်က နတ်တော် လပြည့်နေ့တွင် တစ်ဖန် တည်ထားခဲ့ ခြင်း ဖြစ်လေသည်။
ဆံတော်ရှင်စေတီတော်မြတ်ကို နဂါးတို့က ကျောက်စုစေတီတော် အဖြစ် ဦးစွာတည်ထားခဲ့ကာ တတိ ယဓညဝတီခေတ်တွင် စန္ဒာသူရိယ ဘုရင်မင်းမြတ်က ထပ်မံမွမ်းမံတည် ထားခဲ့ပြီး ဝေသာလီခေတ်တွင် မဟာ သူရိယဝိုန္ဒြားမင်းကြီးက လုံးတော်ပြည့်ရွှေ ချပူဇော်ခဲ့သည်။ ထို့နောက် မြောက်ဦးခေတ်အရောက်တွင် ဘုရင် မင်းဖလောင်း၏ မိဖုရားစိုးမဲကျီက ပျက်စီးနေ သည့် စေတီတော် ကို ပြန် လည်တည်ထားခဲ့လေသည်။ ထိုမှ ဆက်လက်၍ ခေတ်အဆက်ဆက် ပြည်သူပြည်သား တို့က ပြုပြင်ကိုး ကွယ်လာ ခဲ့ခြင်းဖြစ်ရာ ယနေ့သို့တိုင် ဖြစ်လေသည်။ ဆံတော်ရှင်ဘုရား၏တောင်ဘက် ကမ်းခြေတွင် ခြေတော်ရာတစ်ဆူနှင့် သိမ်တော်ရာကိုလည်း သွားရောက်ဖူး မြော်နိုင်ကြသည်။ ဆံတော်ရှင်ဘုရားသွားဖူးခြင်းမှာ ကုသိုလ် လည်းရစေသည်။ စိတ်၏အပန်းကို လည်း ပြေပျောက်စေသည်။
စန္ဒာကူးနံ့သာကျောင်းတော်ရာ
မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက် လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍ အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။
မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့် နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန် ကျောင်းတော်ရာဘုရားသို့ အ ရောက်ဖူးသင့်ပါ သည်။
မင်းဘူးမှ မြောက်သို့(၁၉မိုင်) ဘုရားအထိ ကတ္တရာလမ်းဖြစ်သည်။ မကွေး-မင်းဘူး မြစ်ကူးတံတားကြီးနှင့် မန်းချောင်းတံတားမှနေ၍ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာမှုလွယ်ကူချောမောပါသည်။ ဘုရား၌ စားသောက်ဆိုင် များနှင့် တည်းခိုရိပ်သာများ ရှိပါသည်။
ကျောင်းတော်ရာဘုရား၌ ကြည်ညိုလေ့လာရန်
၁။ မြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်တော်နေရာ စေတီတော်မြတ်ကြီး၊
၂။ စန္ဒကူးနံ့သာ ကျောင်းတော်၏ ဒေါင့်လေးဒေါင့် စေတီဘုရားလေးဆူ၊
၃။ အဓိဌာန်တန်ခိုးကြီးမားတော်မူသော မဟာပုဏ္ဏ ရဟန္တာ အရှင်မြတ်၏ မူလကျောင်းတော်ရာ အဓိဌာန် ဂူဘုရားစေတီနှင့် ဓါတ်တော်စေတီ။
၎။ ၀ါတွင်းကာလ၌ ၀ါထပ်ရက်ငင်ကိုသိ၍ ဘုရားဖူးရောက်လာသော အသက်လွတ်စား ဘုရားဖူးငါးများ၏ ပုံတူရုပ်ထုများနေရာနှင့် ၀ါတွင်းကာလ ငါးများလာရောက်၍ ဥပုသ်သီတင်းဆောက်တည်ရာ မုန်းချောင်းကမ်းပါး ငါးကျွေးဆိပ်နေရာ။
၅။ ဘုရားဗျာဒိတ်ရ မဏိစည်သူမင်းမြတ်သည် ကျေးဇူးသိသောအားဖြင့် တည်ထားအပ်သော သိကြားမင်း ဂူတော်။
၆။ မဏိစည်သူမင်းမြတ်၏ ဖောင်တော်ဆိုက်ရာ ဖောင်တော်ဦးဘုရား။
၇။ ဘုရားဖူးဧည့်သည်များ တည်းခိုရန် ဘုရားဖူးဇရပ်တန်းများ၊ ညအိပ်ဆောင်များ။
၈။ မဟာဗောဓိပင် သတ္တဌာနဘုရား(၇)ဆူနှင့် စန္ဒကူးနံ့သာပင် တောအုပ်များ။
၉။ ရှေးဟောင်းဘုရားများ၊ ကျောင်းတော်နှင့် ပြတိုက်။
၁၀။ ဘုရားသမိုင်းနှင့် ပတ်သက်သော ရုပ်ထုရုပ်လုံးများ၊ ပန်းချီကားများ၊ ရှေးဟောင်းပြခန်းများ စသောလေ့လာရန်ဌာနများနှင့် အနုပညာပြောင်မြောက် သော သာသနာ့အဆောက်အဦးများ စသည်တို့ကို သပ္ပါယ် ကြည်ညိုစွာ ဖူးတွေ့ကြရမည် ဖြစ်ပါသည်။
မကွေးမြသလွန်
မကွေးမြသလွန်၊ မလွန်မြသပိတ် စာဆိုအရ မကွေးမြို့ မြသလွန် ဘုရားသည် မြန်မာပြည်တစ်ဝန်း အထိကရ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော် ၈ဝ၊ ဝါတော် ၄၅ ဝါလုံး သုံးစွဲတော် မူခဲ့သည့် ပဲနောက်စေ့ အဆင်းရှိ မြသပိတ်တော်စစ် ကိန်းဝပ်တော်မူရာ မလွန်မြသပိတ် စေတီတော်မှာ မကွေးတိုင်း ဒေသကြီး အထက်မင်းလှမြို့ နယ်မှ ငါးမိုင်ခန့်ကွာဝေးသော မလွန် မြို့ဟောင်း၌ တည်ရှိပါသည်။မလွန်ရွာသည် ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်က တည်ထောင်ခဲ့ သည့် မြို့တစ်မြို့ဖြစ်ပြီး မြို့စားအဆက်ဆက် အုပ်ချုပ်ခဲ့သည်။ အထူးသဖြင့် ၁၈၂၆ ခု အင်္ဂလိပ်နှင့်မြန်မာ ပထမစစ်ပွဲ အတွင်း မလွန်ခံတပ်တိုက်ပွဲကြီး ကြောင့် ဤမြသပိတ်ဘုရားကြီးနှင့် ဤနေရာ ဤမြို့တို့မှာ တိမ်ကောခဲ့ရခြင်း ဖြစ်သည်။မလွန်ရွာသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မထင်မရှား ရှိနေရာမှ ၁၉၆၅ ခုနှစ်၊ မြန်မာ့အကြီးစား စက်မှုလုပ်ငန်းက မလွန်ရွာအနီး၌ စက်ရုံတည်ထောင်ခဲ့၍ ပြန်လည်လူသိ များလာသည်။ မလွန်သို့ တောင်တွင်းကြီးနှင့် မကွေးကို မော်တော်ကား လမ်း၊ သစ်ရာကောက် ရွာအလွန် မိကျောင်းရဲ လမ်းခွဲအတိုင်း လာ၍ ပဌနဂိုရ် ဆိပ်ကမ်းလမ်းခွဲသို့ ရောက်လျှင် လေးမိုင်ခန့် ခရီးဆက်ရ သည်။ ပဌနဂိုရ်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကို လှေ၊ မော်တော်တို့ဖြင့် မလွန်သို့ ကူးရသည်။ မင်းဘူးမြို့မှ ၂၂ မိုင် ခန့်ကွာဝေး၍ မော်တော်ကားဖြင့် ရာသီမရွေး သွားလာနိုင်သည်။ မကွေး နှင့်ဆင်ပေါင် ဝဲမြို့များမှ ဧရာဝတီမြစ် ကြောင်းအတိုင်း လာရောက်နိုင်သည်။ မလွန်မြို့ သမိုင်းမှာ သာသနာ သက္ကရာဇ် ၄၃၃ ခုနှစ်၊ သရေခေတ္တရာ ပြည်ကြီးကို စိုးစံသော ကြက်ဦး ခေါင်းစား ငတပါးမင်းသည် တိုင်းနိုင်ငံချဲ့ ရန် သာသနာသက္ကရာဇ် ၄၅၈ ခု၊ တပေါင်းလဆန်း ၇ ရက်နေ့တွင် သုနာပရန္တ တိုင်းအ ဝင် မဟာဝနပ ဒေသ၌ ကျုံး၊ ပစ္စင်၊ ရင်တား၊ တံခါး၊ ပြအိုးတို့နှင့် ပြည့်စုံစွာ မြို့တည်တော်မူ၏။ ငတပါးမင်းသည် မည်သူမှမလွန် မဦးမီ မြို့တည်နိုင်ခြင်းကြောင့် လည်းကောင်း။ မင်း၏ ဘုန်းလက်ရုံး အာဏာကို မည်သူတစ်ဦး တစ်ယောက်မျှ မလွန်ဆန်ဝံ့နိုင် သော ကြောင့်လည်းကောင်း၊ မလွန်မြို့ဟု ကမ္ဗည်းထိုးခဲ့၏။ ပုပ္ပားစောလူးမင်း သည် တံခါးကြီးငါးမျက်နှာပါသော မြို့အဖြစ် ထပ် မံတည်ထောင်ခဲ့၏။ ထို့နောက် သက္ကရာဇ် ၆၅၅ ခုနှစ်တွင် တောင်တွင်းမြို့ သီဟပတေ့မင်းသည် မလွန်မြို့အောင်သီရိကုန်း တော်၌ ရတနာစက် ဤဘုရားကို တည်တော် မူ၏။မြသပိတ် စေတီတော်ဖြစ်ပေါ် လာပုံမှာ ဗုဒ္ဓဘုရားရှင် တောထွက်တော်မူစဉ် အလောင်းတော် သူမြတ်အား ဃဋီကာရ ဗြဟ္မာမင်း ကပ်လှူသော မြသပိတ်တော်သည် ဘုရားမဖြစ်မီ ဒုက္ကရ စရိယာ ခြောက်နှစ်ကြာအောင် ကျင့်တော်မူစဉ် ကာလပတ်လုံး အလောင်းတော်ကို စွန့်ခွာမသွားဘဲ သူဌေးကတော် သုဇာတာ ဃဏာနို့ ဆွမ်းကပ်လှူရန် လာသော ထိုခဏ၌ ကွယ်ပျောက်ခဲ့၏။ ဗုဒ္ဓဘုရားရှင်သည် ဃဏာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံ၍ ၄၉ လုတ်ဘုန်းပေးပြီးလျှင် ရွှေခွက်ကို နေရဉ္စာရာမြစ်သို့ မျှောခဲ့၏။ ထို့နောက် သတ္တာသတ္တာဟ ကျင့်သုံးလျက် ဘုရားအဖြစ် ရောက်တော်မူပြီးစ အချိန်တွင် မြန်မာတိုင်းဥက္ကလာပ ဇနပုဒ်နေ တဖုဿနှင့် ဘလ္လိကကုန် သည်ညီနောင်တို့က ပျားမုန့်ဆုပ်နှင့် မုန့်ကြွပ်ကျစ်ကို လင်းလွန်းပင်ရင်း၌ ဆက်ကပ်လှူဒါန်းကြ၏။ ထိုအချိန် ရှင်တော်ဘုရား၌ သပိတ်တော် လက်မဲ့ဖြစ်၍ ''ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့သည် လက်တော်တို့ဖြင့် အာဟာရကို အလှူမခံကြကုန်။ ထို့ကြောင့် ငါသည် ယခုကုန်သည်ညီ နောင်တို့ လှူဒါန်းအပ်သော မုန့်ကြွပ်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကို အဘယ်အရာဖြင့် အလှူခံရပါမည်နည်း''ဟု ကြံစည်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံတော်ကို သိကြ၍ အရပ်လေးမျက်နှာတို့မှ တေရဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကုဝေရ ဟူသော စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် ဣန္ဒနီလာ ကျောက်ညိုသပိတ်တော် လေးလုံးတို့ကို မြတ်စွာဘုရားအား ရိုသေစွာဆက် ကပ်လှူဒါန်းကြလေ သည်။ မြတ်စွာ ဘုရားသည် ထိုဣန္ဒနီလာကျောက်ညို သပိတ်လေးလုံးတို့ကို အလှူမခံဘဲ ပယ်တော်မူ၏။ တဖန်နတ်မင်းကြီး လေးယောက်တို့သည် ပဲနောက် အဆင်းရှိသော (ပကတိ)ကျောက် သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူ ဒါန်းကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ထိုပကတိ ကျောက်သပိတ် လေးလုံးတို့ကို အလှူခံတော်မူပြီးလျှင် နတ်မင်းကြီးလေးယောက်တို့ကို သနားချီးမြှောက်တော် မူသောအားဖြင့် ထိုကျောက်သပိတ် လေးလုံးတို့ကို ထပ်လျက် ''သပိတ်တစ်လုံးတည်း ဖြစ်စေသတည်း''ဟု အဓိဋ္ဌာန်ပြု တော်မူလိုက်လျှင် ထိုသပိတ်တော် လေးလုံးသည် အနားလေးရစ် ရှိသော သပိတ်တော် တစ်လုံးတည်း အဖြစ်သို့ ရောက်လေသည်။ ယင်းသပိတ်တော်သည် တစ်လက်မ၏ ငါးပုံတစ်ပုံ အထူရှိပြီး ပဲနောက်စေ့ အဆင်းရှိ၏။ ထိုသပိတ်တော်ဖြင့် ကုန်သည်ညီနောင်၏ အလှူကို ခံယူသုံးဆောင်တော် မူ၏။ ဤသပိတ်တော်ကို ဘုရားရှင်သည် သက်တော် ၈ဝ၊ ဝါတော် ၄၅ ဝါ ကုန်ဆုံးအောင် သုံးတော်မူ၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူပြီးနောက် အရှင်အာနန္ဒာနှင့် မြသပိတ်တော် အတူပါသွားပြီး သာဝတ္တိပြည်၊ ရာဇဂြိုဟ်ပြည် ၄င်းမှတစ်ဆင့် ဒက္ခိဏဂီရိတိုင်း၊ ဝဇီရာပြည်သို့ ရောက်ရှိခဲ့ပြန်သည်။
သက္ကရာဇ် ၁ဝ၁ ခုနှစ်တွင် သရေခေတ္တရာ ပြည်ကြီးကို စိုးစံသော ဒွတ္တပေါင် မင်းကြီးသည် ဗိုလ်ခြေများ စွာနှင့် မြသပိတ်တော်ကို ဝဇီရာပြည် မှပင့်ဆောင်၍ သရေခေတ္တရာမြို့ပြင်၌ မြသပိတ်တော်ကို ဌာပနာပြီးစေတီ တည်ထားရာ မြစည်းခုံဟု ဘွဲ့မည်တွင်၏။ သရေခေတ္တရာ ပြည်ကြီးပျက်သော် မြသပိတ်တော်ကို ပေါက္ကံပြည် သို့ပင့်ဆောင်ခဲ့သည်။ ပုဂံပြည်ကြီး ပျက်သော်မြသပိတ်တော် သည် အင်းဝသို့ ရောက်ရှိခဲ့သည်။ သက္ကရာဇ် ၇၅၆ ခုနှစ်တွင် ဟံသာဝတီ ဘုရင်မင်းရာဇာသည် အင်းဝပြည်ကြီးကို တိုက်ခိုက် သိမ်းယူပြီး အင်းဝမှဘုရားရုပ်ပွား တစ်ဆူနှင့် မြသပိတ်တော်ကို ဧရာဝ တီမြစ်ကြောင်းအတိုင်း ဖောင်နှင့်ပင့် ဆောင်ခဲ့သည်။ ဖောင်တော်သည် မလွန်မြို့သို့ ရောက်သောအခါ ကျည်တောက်မှ ရေသွန်သကဲ့သို့ ရေစီး အလွန်ကြမ်းသော မလွန်ဝဲ(ယခုရွှေ လဝန်းဝဲ)၌ ကျောက်တိုင်အလား၊ ရပ်တန့်ကာ နေလေ၏။ ဖောင်တော်၏ လက်ဝဲလှေတော်သား ၁၅ဝ ကို ပဲ့နင်းကြီး ကိတ်ဗြဲနှင့် လက်ျာလှေတော်သား ၁၅ဝ ကို ပဲနင်းကြီး ဗညားနန္ဒတို့ ကွပ်ကဲ၍ အပြင်းစုံဆွဲ လှော်ခတ်သော်လည်း အချိန်ကုန်လျက် အချည်းနှီးသာ ဖြစ်ခဲ့၏။ ထိုအခါ ရဟန်းရှင်လူ ပညာ ရှင်အပေါင်းတို့က စိစစ်တွက်ချက်ဆ ကြသော် မြတ်စွာဘုရား၏ မနေသိ ကဗျာဒိတ်အရ ဤနေရာ၌ မြသပိတ် တော်အပူဇော်ခံဖို့ ထင်ရိပ်ရှိသည်ဟု တစ်ပြိုင်နက် တစ်ချက်တည်း ဘုရင်အား လျှောက်တင်ကြရာ ဟံသာဝတီ ဘုရင်သည် လက်လျှော့၍ မလွန်မြို့ အောင်သီရိကုန်းတော်ပေါ်၌တည်ထား သော ရတနာစက် ဘုရားအတွင်း ဌာပနာ၍ လှူဒါန်းခဲ့သည်။ ဟံသာဝတီ ဘုရင်သည် ငါ၏ပါရမီစုံညီစွာ မရှိသေးဟု ဝမ်းနည်းစွာဖြင့် ဘုရား ရုပ်ပွားတော် တစ်ဆူသာ ပင့်ဆောင်၍ စုံတော်မူရာ ဒဂုံမြို့ ရောက်သည်အထိ လှော်ခတ်ခြင်း မပြုရဘဲ အလိုအလျောက် စုံလေသည်။ မြသပိတ်တော်သည် မလွန်မြို့ကို ကျော်လွန်နိုင် ခြင်းမရှိ၍ မလွန်ဟုလည်းကောင်း၊ နောင်အခါ ရတနာစက် ဤဘုရားသည် မြသပိတ် ဘုရားဟုလည်းကောင်း ထင်ရှားခဲ့သည်။
ပဲနောက် အဆင်းရှိသော မြသပိတ်တော်၌ အံ့ဖွယ်နှစ်ပါး ရှိသည်။ ဆင်းရဲသော သူများက နည်းနည်းလှူ ဒါန်းလျှင် သပိတ်တော်ပေါ်သို့ လျှံတက်ခြင်း ရှိ၏။ ချမ်းသာသော သူများက တင်းတောင်းထောင်သောင်းမက လှူဒါန်းသော်လည်း သပိတ်တော်ပေါ်သို့ ကျော်တက်ပြည့်လျှံသည် မရှိ။ အတွင်းအနား ရေးမျှသာ အညီရှိခြင်း အံ့ဖွယ်များနှင့် ပြည့်စုံသော မြသပိတ်တော် အစစ်ဖြစ်သည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)
(၂ဝဝ၈)ခုနှစ် နိုဝင်ဘာက စတင် တည်ဆောက်ခဲ့သည့် အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (National Land Mark)ကို (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် (၁၁၊ ၂၊ ၂ဝ၁ဝ) က နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်၊ သိုက်ချောင်းကျေးရွာ အနီးရှိ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်) ၌ ဖွင့်လှစ်ခဲ့ပါသည်။ တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ထိတွေ့ခံစားနိုင်ရန် အတွက် အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)ကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ကို မြေဧက (၄ဝဝ)ကျော်၌ မြန်မာနိုင်ငံမြေပုံနှင့် အလားသဏ္ဌာန်တူသည့် ပြည်ထောင်စု ပုံစံငယ်အဖြစ် အကွက်ချ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်း အသီးသီးတို့တွင် တည်ရှိနေကြသည့် အထင်ကရ စေတီပုထိုးများ၊ သဘာဝအလျောက် ဒေသ၏ သင်္ကေတပမာ ဖြစ်ပေါ်နေသည့် တောင်များ၊ လိုဏ်ဂူများ၊ ရေကန်ကြီးများ၊ ရေတံခွန်ကြီးများ၊ ကမ်းခြေများနှင့် ကျွန်းများပါဝင်သည့် ဒေသအလိုက် ပြကွက်များကို ပုံစံတူများဖြင့် တည်ဆောက်ထားကြောင်း၊ ပြကွက်အသီးသီး၌ သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ နေ့စဉ် လူနေမှုဘဝကို ဖော်ပြနေသည့် ရိုးရာအိမ်များ၊ ရိုးရာအစားအစာများကို ရောင်းချပေးသည့် စားသောက်ဆိုင်များနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် လူမှုစီးပွားရေးဘဝများကို လေ့လာနိုင်မည့် ပညာရေးပြခန်းများကို လေ့လာ ခံစားနိုင်ကြမှာ ဖြစ် ကြောင်း၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ် (နေပြည်တော်)အတွင်း ခေတ်မီကလေးကစားကွင်း နှင့် ခန်းမများ၊ ရေလွှာလျှောစီး၊ ပုလဲငုပ်စသည့် ပျော်ရွှင်ချမ်းမြေ့ဖွယ် အပန်းဖြေနေရာများကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း ဆက်လက်၍လည်း နိုင်ငံတကာအပန်းဖြေ ဥယျာဉ်များ၏ အင်္ဂါရပ်များကိုလည်း ဖြည့်စွက်တည်ဆောက်သွား ဦးမှာဖြစ်ကြောင်း သိရှိရသည်။
ဥယျာဉ်ကြီးမှာ မြန်မာနိုင်ငံပုံစံကို အပေါ်စီးမှကြည့်လျှင် မြင်ရသည့်ပုံစံပြုလုပ် ပေးပြီး မြန်မာနိုင်ငံ စည်းဘောင်အပြင်အနားသတ် ခြံစည်းရိုးအကျယ်ပါ ထည့်ပေါင်းလျှင် ဧက(၆ဝဝ)နီးပါးခန့်ရှိသည်ဟု သိရသည်။ ဥယျာဉ်ဝင်ကြေးမှာ တစ်ဦးလျှင်ကျပ် ၁ဝဝဝ ကျော် သတ်မှတ်ပေးပြီး ဘာဂီတစ်စီးကို တစ်နာရီလျှင် (၅ဝဝဝ)ကျပ်ဖြင့် ငှားရမ်းလည်ပတ်နိုင် သည်ဟုသိရသည်။ ဘာဂီများမှာ ယခုအခါအစီး(၆ဝ)ခန့်ထားရှိပေးထားသည်ဟုသိရသည်။အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)နှင့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တို့ကို လည်ပတ်သူများ အဆင်ပြေစေရန် ဆက်စပ်ပေးသွားမည် ဟုလည်း သိရသည်။
အလောင်းတော်ကသာပ
မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော် ကဿပဒေသသည် မုံရွာ မြို့တစ်ဘက်ကမ်းညောင်ပင် ကြီးဆိပ်မှ မိုင် ၆ဝ ကျော် ကွာဝေးပါသည်။ မုံရွာမြို့မှ အလောင်းတော် ကဿပ တောင်ခြေ စခန်းဆီသို့ မိုင် ၆၀ ၀န်းကျင် ရှိပြီး မုံရွာ ကလေးဝ သို့ သွားသော လမ်းမှ တဆင့် အလောင်းတော် ကဿပ လမ်းခွဲမှ ဆက်သွားရပါ သည်။ အလောင်းတော် ကဿပ အမျိုးဥယျာဉ် ကြိုးဝိုင်းသစ်တော မှ တဆင့် တောလမ်းကို ဖြတ်သန်းပြီး တောင်ခြေ ကို ရောက်ရှိရပါသည်။ လမ်းတွင် ဆက်တိုက် ရွာများ ဖြတ်သန်းသွားပြီး ကပိုင်ကျေးရွာ ကတော့ လမ်းခရီးတွင်နောက် ဆုံးရွာဖြစ်ပါသည်။ ကပိုင်ရွာ စခန်းမှ အလောင်းတော် ကဿပ တောင်ခြေ မိုင် ၂၀ ကျော် တောလမ်းကိုဖြတ်ကျော်ပြီး ချိန်မှာတော့ ကားများ အစီအရီ ရပ်နားထားပြီး ဈေးဆိုင်ခန်းများစွာ ရှိသည့် တောင်ခြေ စခန်း နှင့် ဆင် များကို တွေ့ရှိ ပါသည်။ အလောင်းတော် ကဿပ ကို သွားမယ် ဆိုရင် အစားအသောက် စောစောစီးစီး ကတည်းက ကြိုတင် စီစဉ်ထားသင့်တယ်။မြေခင်းဧရိယာ ကျယ်ဝန်း သော ချောင်းမကြီးစခန်းတွင် ယာဉ် ရပ်နား၍ တစ်မိုင်ခရီး ကို ခြေလျင် လျှောက်ရုံဖြင့် ရောက်ရှိနိုင်ပါသည်။ အလောင်းတော် ကဿပတွင် တည်းခိုစခန်းများ၊ စား သောက်ဆိုင်တန်းများ သီးခြားတည် ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမ ဝေးတွင် ကြေးပြာသာဒ်စံကျောင်း တော်ဖြင့်အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင် သည်။ ကိုယ်စားတော်၏ ဦးခေါင်း တော်အောက် တည့်တည့်လိုဏ်ဂူ အတွင်းမှာ အလောင်းတော်၏ ခြေ တော်အစုံတည်ရှိသည်။ ညဏ်တော် ၁ဝ တောင်ရှိပြီး အနောက်မြောက် ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြု နေဟန် ရဟန္တာပုံ သဏ္ဌာန်ဖြစ်ပါ သည်။ မူလဒါယကာမှာ အဇာတ သတ်မင်း ဟုဆိုကြသည်။စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်း သွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံး လုံး ဆုံရာအရပ် ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော်တည် ရှိသည်။သမိုင်း ဟောင်း ပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ် သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက် တော် ၁၂ဝ၊ ဝါတော်သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ သည်။ဝေဘာရတောင်အလယ်ဗဟို အတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက် တော်ရှိသည်။ တိုက် တော်အတွင်း ကြေးပြာ သာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင် မဟာကဿပ သည် မြောက်သို့ ဦး ခေါင်းပြုကာ လက်ယာနံတော် စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါ သည်။ စံကျောင်း တော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်း တွင် အလောင်း တော်ဘေး၌ ထွန်း ညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်း ကြီး ကအဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တ ယျ ဘုရားပွင့် တော်မူရာကာလ အလောင်းတော်ကဿပ တေဇော ဓာတ်ကျွမ်း လောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါ သည်။ တောင်သုံးလုံးဆုံရာ အောက် ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံ ခါးကို စံကျောင်းတော်တံ ခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော် အား လှူဖွယ်အမျိုးမျိုးကပ် လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်း တော်အား ရည်မှန်း၍ ရွှေသင်္ကန်း ကပ်လှူခြင်း၊ကျောက်တံ ခါး ပွင့်ဟ နေသောကြားမှ ဝတ္ထုနှင့် လက်ဝတ် ရတနာများ လှူဒါန်းကြလေ့ ရှိသည်။
ထူးခြားမှုများ
လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူ အတွင်း၌ စံကျောင်းတော်ထဲသို့ စီး ဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင် ၍ အဓိဋ္ဌာန်ပြု လှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ် များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲ များဖြင့် ပိတ်ဆို့သွား၍ ကွန်ကရိ လျှောက် လမ်းခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲ သောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေမြှုပ် နှံပြီးမည်၍ မည်မျှ ကိုဖြင့် အဆောင် အဖြစ် ပြန်စွန့်တော်မူပါဟု ဆု တောင်းလျှင် ပြန်၍တူး ဖော်သော အခါ ထိုပမာဏအတိုင်း ရရှိခဲ့ သည်။ ယခုခေတ်တွင်လည်း ကျောက် တံခါး ကြားတွင်ဝတ္ထုငွေကပ်လှူပြီး ဆောင် ထားလိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြု ပြီး ပါက ဆောင်ရမည့် ဝတ္ထုသာ ကျန် သော ဖြစ်စဉ်များကို ကိုယ်တွေ့ကြုံ သူများ အများအပြားရှိသည်။
ခြေတော်ရာ
ရှင်မဟာကဿပ မထေရ်ကြီး သည် မဏိပူရမှ တောင်သုံးလုံးဆုံ ရာအရပ် သို့ကြွတော်မူရာတွင် မင်း ကင်းမြို့နယ်၊ နှင်းကြီးရွာမှ ၄ မိုင်ခန့် အကွာ အညာ လယ်ရွာတွင် ခြေ တော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီး ကျောင်း ဝန်းအတွင်း တည်ရှိပြီးခြေတော်ရာ ပေါ်မှ မြေပေါက်လိုဏ် စေတီ တည် ထားသည်။
သပိတ်ဆေးချောင်း
ပုထိုးလုံးချောင်းအနီးရှိ ချောင်း ငယ်တစ်ခုမှာ ရှင်မဟာကဿပ မထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သ ပိတ်တော်ဆေးခဲ့လို့ သပိတ်ဆေး ချောင်းဟု ခေါ်သည်။ချောင်းအတွင်း ၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။
သင်္ကန်းလှန်းကျောက်ဖြာ
ဘုရားဝစခန်းအောက် (လေး မိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ် တွင်ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာ ပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေ ပါသည်။
ကျီးဖိုနှင့်ကျီးမ
အလောင်းတော် ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြိုနှုတ်ဆက် ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက်တိုင်းကြုံဖူးသူများရှိပါသည်။